မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်…..
အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်……
အကယ်၍
မင်းရဲ့အမှန်တရားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်…..
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်…..
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်….
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုလာမှမရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မြဲစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…..
အကယ်၍
စောင်သင့်တဲအချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောပန်းနေနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မှသားစကား ကြားရတဲ့အခါ
မင်းကလည်း
အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲအခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်…
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင်…..
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…..
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်….
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို
ကြုံတွေ့တဲ့ အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်….
အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်…
အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင် မလုပ်နိုင်စေရင်…..
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်….
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်….
ငါ့သားရေ…မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…..။
အဲ့ဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း တစ်ယောက်ပဲပေါ့…….။
မြန်မာသူငယ်ချင်းများ မှ ကူးယူခဲ့ပါသည်။
(Rudward Kipling ၏ `IF´ ကဗျာရှည်ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)